တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ ရေကြီးရေလျှံမှု ထိခိုက်ခံရသည့် ကျေးရွာများ
စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ ရွာသွန်းခဲ့သော မိုးသည်းထန်မှုကြောင့် လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်များတွင် ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်များ ရှိကြောင်း သတင်းများ ရရှိထားပါသည်။ MIMU အနေဖြင့် ရေကြီးရေလျှံမှု ထိခိုက်ခံရသည့် ကျေးရွာများ၊ မြေပြိုမှုပါ ထိခိုက်ခံရသည့် ကျေးရွာများနှင့် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ရှိ ထိခိုက်ခံရနိုင်ဖွယ်ရှိသော ရပ်ကွက်များကို လမ်းများ၊ ရထားလမ်းနှင့် ကျန်းမာရေးဌာနများနှင့်အတူ မြေပုံထုတ်ဖော်ထားပါသည်။ ပထမမြေပုံကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ပြင်ဆင်ထားသော မြေပုံတွင် အသစ်သတင်းရရှိသည့် ကျေးရွာများကို ထပ်မံဖြည့်စွက်ထားပါသည်။
ဤမြေပုံများကို လူမှုကွန်ရက်မီဒီယာမှ ရရှိသော သတင်းများအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပြီး ကွင်းဆင်းအတည်ပြုခြင်း မပြုလုပ်ရသေးပါ။ မြေပြင်အခြေအနေနှင့် ပတ်သက်သော အကြံပြုချက်များကို [email protected] သို့ ပေးပို့နိုင်ပါသည်။
နောက်ဆုံးထုတ် မြေပုံ (A1) ရယူရန်
ရေကြီးရေလျှံမှုဆိုင်ရာ အရင်းအမြစ်များ အားလုံး
သုတေသနအသစ် - ၂၀၂၅ ခုနှစ် မတ်လ ငလျင်တွင် အဆောက်အအုံများ ပျက်စီးခဲ့ပုံ
၂၀၂၅ မတ်လ ငလျင်အတွင်း မန္တလေးနှင့် စစ်ကိုင်းရှိ အဆောက်အအုံများ အဘယ်ကြောင့် ပျက်စီးခဲ့သည်ကို ကွင်းဆင်းစစ်ဆေးမှုများနှင့် ပျက်စီးသွားသော အဆောက်အအုံ ခြောက်ခု (သံကူကွန်ကရစ် အဆောက်အအုံ လေးခု၊ အုတ်စီအဆောက်အအုံ တစ်ခုနှင့် ကျောင်းဆောင် တစ်ခု) ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ မော်ဒယ်တွက်ချက်မှုများကို ပေါင်းစပ်၍ လေ့လာထားသည်။ လေ့လာမှုတွင် အဓိကပျက်စီးမှုပုံစံ သုံးမျိုးကို ဖော်ထုတ်ထားပြီး ၎င်းတို့မှာ အဆောက်အအုံ မှောက်လဲခြင်း၊ ရက်မနှင့် တိုင်ဆုံရာနေရာများ ပျက်စီးခြင်းနှင့် တစ်ခုလုံး ပြိုကျခြင်းတို့ ဖြစ်သည်။ အဓိကအကြောင်းရင်းများမှာ ငလျင်ဒဏ်ခံနိုင်ရန် အသေးစိတ်ဒီဇိုင်း မလုံလောက်ခြင်း၊ ဆက်ကြောင်းများတွင် သံချောင်းအားဖြည့်မှု မလုံလောက်ခြင်း၊ ဆောက်လုပ်ရေး အရည်အသွေး ညံ့ဖျင်းခြင်းနှင့် အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းများကို မလိုက်နာခြင်းတို့ ဖြစ်သည်။ ဘုရားကျောင်းဆောင် ကဲ့သို့ သံကူမပါသော အုတ်စီအဆောက်အအုံဟောင်းများသည် အထိခိုက်လွယ်ဆုံး ဖြစ်သည်။ လေ့လာမှုတွင် ငလျင်ဒဏ်ခံ အသေးစိတ်ဒီဇိုင်း မှန်ကန်စွာ ပြုလုပ်ခြင်း၊ ဆက်ကြောင်းများကို ပိုမိုခိုင်ခံ့အောင် အားဖြည့်ခြင်း၊ ရှိပြီးသား အဆောက်အအုံများကို ခိုင်ခံ့အောင် ပြုပြင်မွမ်းမံခြင်း (retrofitting) နှင့် သံကူအုတ်စီ နည်းလမ်း အသုံးပြုခြင်း စသည့် လက်တွေ့ကျသော အစီအမံများကို အကြံပြုထားပြီး ပြန်လည်တည်ဆောက်ရေး၊ နေရာထိုင်ခင်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအတွက် အထောက်အကူ ဖြစ်စေပါသည်။
The Scientific World Journal တွင် ထုတ်ဝေထားပါသည် (အခမဲ့ ဖတ်ရှုနိုင်)။
သုတေသနအသစ် - မြန်မာနိုင်ငံရှိ ရာသီဥတု၊ ရေကြီးမှုနှင့် ရေမှတစ်ဆင့် ကူးစက်သော ရောဂါများ
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ကာလဝမ်းရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ (acute watery diarrhoea) ကဲ့သို့သော ရေမှတစ်ဆင့် ကူးစက်သည့် ရောဂါများကို ကျန်းမာရေး အချက်အလက်များ၊ ရာသီဥတုဆိုင်ရာ အချက်အလက်များနှင့် ရေနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒ သုံးသပ်ချက်တို့ကို ပေါင်းစပ်၍ လေ့လာထားသည်။ ရောဂါဖြစ်ပွားမှုသည် မိုးရာသီတွင် အမြင့်ဆုံးဖြစ်ပြီး ရခိုင်နှင့် ဧရာဝတီကဲ့သို့သော ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။ ပဋိပက္ခ ထိခိုက်ခံရပြီး အခြေခံအဆောက်အအုံ အားနည်းသော ဒေသများတွင် သေဆုံးမှုနှုန်း ပိုမိုမြင့်မားသည်။ ရေကြီးမှုသည် ရောဂါဖြစ်ပွားမှုများနှင့် ဆက်စပ်ပုံရသော်လည်း အပူချိန်နှင့် မိုးရေချိန်တို့ တစ်ခုတည်းဖြင့် ရောဂါဖြစ်ပွားပုံကို ရှင်းပြ၍ မရနိုင်ပါ။ ရာသီဥတုဖြစ်ရပ်များထက် သန့်ရှင်းသော ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ရရှိနိုင်မှုက ပိုမိုအရေးပါကြောင်း စာရေးသူများက ကောက်ချက်ချထားသည်။ ၎င်းတို့သည် ရေကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍအကြား ညှိနှိုင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်၊ အချက်အလက်မျှဝေမှု ပိုမိုခိုင်မာစေရန်၊ ဒေသအဆင့် WASH ဝန်ဆောင်မှုများ ချဲ့ထွင်ရန်နှင့် ရာသီဥတုဒဏ်ခံနိုင်သော စီမံကိန်းရေးဆွဲမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
Water Research X တွင် ထုတ်ဝေထားပါသည် (အခမဲ့ ဖတ်ရှုနိုင်)။



